ပထမဆုံးဖန်ပြွန်သန္ဓေသား တောင်ငူ၌ အောင်မြင်စွာမွေးဖွား

မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် ပြည်တွင်း ဆေးပညာရှင် များက ဖန်ပြွန်သန္ဓေသားနည်း ပညာဖြင့် ပြုလုပ်ပေးခဲ့သော ကလေးကို သြဂုတ်လ ၂၆ ရက် နေ့က ပဲခူးတိုင်း တောင်ငူမြို့ရှိ တော်ဝင် ဆေးခန်းတွင် ဗိုက်ခွဲမွေးဖွားခဲ့သည်။

ယင်းကလေးမှာ ကိုယ်အလေးချိန် ခုနစ်ပေါင် (၃ ဒသမ ၂ ကီလို ဂရမ်) ရှိပြီး မိန်းကလေးဖြစ်သည်။

ခွဲစိတ်မွေးဖွားချိန်တွင် တော်ဝင်ဆေးခန်း အတွင်း တီဗီ ကင်မရာဖြင့် လာရောက်ကြည့်ရှုသူ ၅၀ ကျော်အား ပြသ ပေးခဲ့သည်။

"မြန်မာနိုင်ငံ ဆေးပညာလောကမှာတော့ ဒါဟာ ထူးခြားတဲ့ အောင်မြင်မှုတစ်ရပ်ဖြစ်ပါတယ်" ဟု Bahosi Fertility Centre (BFC) ဆေးပညာရှင်အဖွဲ့မှ ဒေါက်တာခင်မောင်ထွေးက ပြောသည်။

BFC ပညာရှင်အဖွဲ့သည် ကလေး၏ ဖခင်နှင့်မိခင်တို့ထံမှ သုက်ပိုးနှင့်မျိုးသားဥကို ထုတ်ယူကာ ဓာတ်ခွဲခန်းတွင် သန္ဓေအောင်အောင် ပြုလုပ်ပေးပြီး တစ်ရက်သားအရွယ်တွင် မိခင်၏ သားအိမ်ထဲသို့ ပြန်လည်ထည့်ပေးခဲ့သည်။

"ကျွန်မတို့ ပညာရှင်တွေက သန္ဓေသားလောင်း ဓာတ်ခွဲခန်းအတွင်းမှာ ရှိနေစဉ်အတွင်း ရောဂါပိုး တွေမ၀င်အောင် အရမ်းဂရုတစိုက်ရှိရတယ်" ဟု BFC အဖွဲ့ခေါင်းဆောင် သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး ပါမောက္ခဒေါက်တာ မြမြက ပြောသည်။

ပါမောက္ခဒေါက်တာမြမြနှင့် အဖွဲ့သည် သားသမီးရရန် ခက်ခဲနေသူများအား ကူညီနိုင်ရေးအတွက် BFC ကို ၂၀၀၆ ခုနှစ်၊ သြဂုတ်လတွင် ရန်ကုန်မြို့ ဗဟိုစည်ဆေးခန်းကြီး၏ ဌာနခွဲတစ်ခု အဖြစ် တည်ထောင်ခဲ့ပြီး သားသမီး လိုချင်သူ ၅၀ ကျော်အား ဖန်ပြွန်သန္ဓေသားနည်းပညာဖြင့် ပြုလုပ်ပေးခဲ့သော်လည်း လက်ရှိတွင် လေးဦးသာ အောင်မြင်သေးကြောင်း သိရသည်။

"မတင်မေထွေးကတော့ ပထမဆုံးစမ်းသပ်တဲ့ အမျိုးသမီးဖြစ်ပြီး ပထမဆုံးအောင်မြင်စွာနဲ့ ကလေးရတဲ့သူတစ်ဦး ဖြစ်ပါတယ်။အောင်မြင်တယ်၊ မအောင်မြင်ဘူးဆိုတာ နည်းပညာထက် မိခင်ရဲ့အခြေအနေပေါ်မှာ မူတည်ပါတယ်" ဟု ဒေါက်တာခင်မောင်ထွေးက ဆိုသည်။

"မိခင်အနေနဲ့ စိတ်လှုပ်ရှားမှု၊ စိတ်ဖိစီးမှု အရမ်းများနေမယ်ဆိုရင် ရဖို့အခွင့်အရေးနည်းပါတယ်။ ဒါကြောင့် ကျန်မ ဆိုရင် မတင်မေထွေးကို စိတ်တည်ငြိမ်အောင် ၀င်လေထွက်လေမှတ်ခိုင်းပါတယ်" ဟု ပါမောက္ခဒေါက်တာမြမြက ပြောသည်။

BFC အနေဖြင့် မတင်မေထွေးထံမှ မျိုးသားဥ နှစ်လုံးထုတ်ယူခဲ့ပြီး ၎င်း၏အမျိုးသား ဒေါက်တာ ဘဆွေ၏ သုက်ပိုးဖြင့် စမ်းသပ်ရာ သန္ဓေအောင် မျိုးဥရှစ်ဥရရှိခဲ့ပြီး ယင်းရှစ်ဥစလုံးကို သားအိမ်အတွင်း ထည့်ပေးခဲ့ကြောင်း သိရသည်။

"တကယ်လို့ အောင်မြင်ရင်တော့ ရှစ်မြွှာပူး မွေးမှာဖြစ်ပါတယ်။ ဒါပေမယ့် ကျန်တဲ့ခုနစ်ဥက မအောင်မြင်ပါဘူး။ ကျန်တော်တို့ကလည်း နှစ်မြွှာပူးလိုချင်တဲ့အတွက် ဒီလိုလုပ်တာ ဖြစ်ပါတယ်" ဟု ဒေါက်တာဘဆွေက ပြောသည်။

"ကျွန်မတို့နိုင်ငံမှာတော့ ဖန်ပြွန်သန္ဓေသားနဲ့ ပတ်သက်ပြီး သားဥဘယ်နှဥထည့်ရမယ်ဆိုတာ ဥပဒေမရှိသေးလို့ ဒီလိုလုပ်တာမဟုတ်ပါဘူး။ ကျန်မတို့အနေနဲ့ တခြားတိုင်းပြည်က ဥပဒေရဲ့ ညွှန်ကြားမှုတွေယူပါတယ်။ ဥပမာ-စင်ကာပူမှာ ဆိုရင် သားဥသုံးဥပဲထည့်ရမယ်ဆိုတဲ့ ဥပဒေရှိပါတယ်။ ကျန်မတို့အနေနဲ့ အရမ်းတော့မလုပ်ပါဘူး" ဟု ပါမောက္ခဒေါက်တာမြမြက ပြောသည်။

ဒေါက်တာဘဆွေ ဇနီးမောင်နှံအနေဖြင့် ယင်းကလေးရရှိရန် BFC ကို ယူအက်စ်ဒေါ်လာ ၃,၀၀၀ ပေးရပြီး သောက်ဆေး၊ ရှူဆေးများနှင့် ခရီးစရိတ်အပါအ၀င် စုစုပေါင်းအမေရိကန်ဒေါ်လာ ၆,၀၀၀ ၀န်းကျင်ကုန်ကျကြောင်း သိရသည်။

"ကျွန်တော့အနေနဲ့ ကုန်ကျတာကို မပြောချင်ပါဘူး။ ကိုယ်တန်ဖိုးထားတဲ့အရာကို ငွေကြေးနဲ့တန်ဖိုး မဖြတ်ချင် ပါဘူး။ အောင်မြင်သွားတာ အရမ်းဝမ်းသာပါတယ်" ဟု ဒေါက်တာဘဆွေက ပြောသည်။

ဒေသခံအိမ်နီးနားချင်းများအဆိုအရ ဒေါက်တာ ဘဆွေနှင့် မတင်မေထွေးတို့မှာ ကလေးမရသည့် အတွက် အခြား ကလေးငယ်များအား အရုပ်ဝယ်ပေးခြင်း၊ အိမ်မှာခေါ်ထားခြင်းဖြင့် ၎င်းတို့၏ စိတ်ကိုဖြေသိမ့်နေခဲ့ရကြောင်း သိရသည်။

"ကလေးမရနိုင်တဲ့ သူတွေအားလုံး ဖန်ပြွန် သန္ဓေသားနည်းပညာကို သုံးရမယ်လို့မဆိုလိုပါဘူး။ ဒါဟာ နောက်ဆုံး နည်းလမ်း ဖြစ်ပါတယ်။ တခြား နည်းတွေနဲ့မရမှ ဒီနည်းကို အသုံးပြုသင့်ပါတယ်" ဟု ဒေါက်တာခင်မောင်ထွေးက ပြောသည်။

"မြန်မာနိုင်ငံမှာ ကလေးမရနိုင်တဲ့ လူဦးရေ ရာခိုင်နှုန်း ၁၀ ကျော်ရှိပေမယ့် အားလုံး ဒီနည်း ပညာသုံးဖို့ မလိုပါဘူး" ဟု ဒေါက်တာမြမြက ပြောသည်။ ဖန်ပြွန်သန္ဓေသား နည်းပညာဖြင့် ပြုလုပ်ရာတွင် ဆေးပစ္စည်း ကိရိယာများမှာ နိုင်ငံခြားမှ ၀ယ်ယူသုံးစွဲရသည့်အတွက် ကုန်ကျစရိတ်မြင့်မား နေခြင်းဖြစ်ကြောင်း သိရသည်။

"ဒီနည်းပညာဟာ ကုန်ကျစရိတ်ကြီးမားတာ သိပေမယ့် သားသမီးမရနိုင်တော့တဲ့သူတွေကို စိတ်ချမ်းသာအောင် ဖြည့်ဆည်းပေးချင်တာရယ်၊ ဆေးပညာရှင်တွေကို တိုးတက်စေချင်တဲ့ဆန္ဒရယ်ကြောင့် ကျန်မတို့အခုလို လုပ်ခဲ့တာ ဖြစ်ပါတယ်" ဟု ပါမောက္ခ ဒေါက်တာမြမြက ပြောသည်။

မူရင်းသတင်း

Comments

Popular Posts