သွေးလွန်တုပ်ကွေးကြောင့် ပုသိမ်မြို့၌ ကလေးငယ်များ ဖျားနာသေဆုံး

ဧရာဝတီတိုင်း ပုသိမ်မြို့၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုများပြားလာသဖြင့် ကလေးငယ်များ ဆေးရုံတက် ဆေးကုသမှုခံယူနေရပြီး သေဆုံးသူအချို့ရှိသည်ဟု ပုသိမ်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ဆရာဝန်ကြီး ဒေါက်တာစိုးနိုင်က ပြောသည်။

“ဆေးရုံမှာ ခု (၄၀) လောက်တက်နေပါတယ်။ အသေအပျောက်ကတော့ နည်းနည်းပါးပါးတော့ ရှိပါတယ်။ ဒီလောက် အများကြီးတော့မဟုတ်ပါဘူး။ (၄-၅) ယောက်လောက်ပါ။ တကယ်တော့ သွေးလွန်တုပ်ကွေးက (၁၂) ရာသီလုံးဖြစ်တာဗျ။ ဒါပေမယ့် မိုးဦးကျဆို နည်းနည်းပိုဖြစ်တာပေါ့။ ဒါပါပဲ။ ရာသီကလည်း မိုးရွာလိုက်၊ နေပူလိုက်နဲ့ ခြင်ပေါက်လို့ပါ။ မိုးများများရွာရင်တော့ အလိုလို ကျသွားမှာပါ” ဟု ၎င်းကပြောကြားသည်။

ပုသိမ်မြို့၌ သွေးလွန်တုပ်ကွေးရောဂါ နှစ်စဉ်နှစ်တိုင်းဖြစ်နေကျဖြစ်ပြီး (၃) နှစ်တခါ ရောဂါ အဖြစ် များတတ်သည့် သဘာဝရှိသည်ဟု ဒေါက်တာစိုးနိုင်က ပြောသည်။

ပုသိမ်မြို့ပေါ် ရပ်ကွက်များအတွင်းရှိ မသန့်ရှင်းသည့် ရေနုတ်မြောင်းများကြောင့် ခြင်များ ပေါက် ဖွားပြီး ရောဂါကူးစက်ခြင်းဖြစ်ကြောင်း၊ မြစ်ချောင်းပေါများသည့် ပုသိမ်မြို့ တဖက်ကမ်းတွင် ရောဂါဖြစ်ပွားမှု အခြေအနေပိုမိုဆိုးဝါးပြီး သေဆုံးမှုများရှိကြောင်း မြို့ခံတဦးက ပြောသည်။

ရောဂါကာကွယ်နှိမ်နင်းရေးအတွက် စနေနေ့တိုင်း ရပ်ကွက်များအတွင်း သန့်ရှင်းရေးလုပ်ရန် အာဏာပိုင်များက ညွှန်ကြားထားကြောင်း သိရသည်။

ကူးစက်မြန်ရောဂါတမျိုးဖြစ်သည့် သွေးလွန်တုပ်ကွေးရောဂါသည် မိုးတွင်းနှင့်မိုးနှောင်းကာလများ ဖြစ်သည့် ဇွန်၊ ဇူလိုင်နှင့် သြဂုတ်လတို့တွင် အဖြစ်များပြီး ခံနိုင်ရည်မရှိသည့် အသက် (၁၂) နှစ် အောက်ကလေးများ ရောဂါကူးစက်ခံရလေ့ရှိသည်။

မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါကြောင့် နှစ်စဉ်ပျမ်းမျှ ဆေးရုံတက်ရောက် ကုသရသူ ကလေးအရေအတွက် (၁) သောင်းခန့်ရှိပြီး သေဆုံးသူ (၃၀၀ နှင့် ၄၀၀) အကြားတွင်ရှိကြောင်း၊ ၂၀၀၅ ခုတွင် မြန်မာနိုင်ငံ၌ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ (၁၃,၀၀၀) ခန့်ရှိကြောင်း မြန်မာ
တိုင်း(မ်) သတင်းတွင် ဖော်ပြသည်။

(From Khitpyaing Journal)

Comments

Popular Posts