ပဲခူးတွင် ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွား
ပဲခူးမြို့ရှိ မွေးမြူရေးခြံတခု၌ ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားသည့် ကြက်များကိုတွေ့ရှိရကြောင်း တိမွေးကုဌာန၏ ပြောဆိုချက်ကိုကိုးကား၍ အေပီသတင်းတွင်ဖော်ပြသည်။
ယခုလ (၃) ရက်တွင် ပဲခူးမြို့စွန်ရှိ ပုဂ္ဂလိက မွေးမြူရေးခြံတခုတွင် ကြက် (၂၈) ကောင် သေဆုံး သွားခဲ့သဖြင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုပြုလုပ်ခဲ့ရာ H5N1 ရောဂါပိုးတွေ့ရှိကြောင်း ဇွန် (၇) ရက်၌ အတည်ပြုနိုင်ခဲ့သည်ဟု တိမွေးကုဌာန တာဝန်ရှိသူ ဦးသန်းလှကပြောသည်။
ရောဂါဖြစ်ပွားသည့် ကြက်အရေအတွက်ကို ပြောဆိုခြင်းမရှိသော်လည်း ကြိုတင်ကာကွယ်သည့် အနေဖြင့် ကြက် (၁) ထောင်ခန့်ကို သတ်ပစ်လိုက်သည်ဟု ၎င်းကဆိုသည်။
အဆိုပါကြက်ခြံကို တိမွေးကုဌာနက အနီးကပ်စောင့်ကြည့်လျှက်ရှိကြောင်း၊ ထိုခြံသည် အခြား မွေးမြူရေးခြံများ၊ လူနေအိမ်များနှင့်ဝေးကွာသည့်နေရာ၌ တည်ရှိသဖြင့် ရောဂါထိန်းချုပ်နိုင်မည် ဖြစ်ကြောင်း ဦးသန်းလှကပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီနှင့်ဧပြီလတို့တွင်လည်း ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် ကြက်ငှက်တုပ်ကွေး ရောဂါ ဖြစ်ပွားမှု တွေ့ရှိခဲ့ပြီး ကြက်ငှက် အကောင်ရေ (၆) သောင်းကျော် သုတ်သင်ခဲ့သည်။
မြန်မာနိုင်ငံသည် ကြက်ငှက်တုပ်ကွေးရောဂါတိုက်ဖျက်ရာတွင် အောင်မြင်မှုရှိကြောင်းနှင့် ရေရှည် တိုက်ဖျက်နိုင်ရန် နိုင်ငံတကာအကူအညီလိုအပ်သည်ဟု ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (FAO ) က ပြောသည်။
ကြက်ငှက်တုပ်ကွေးရောဂါကြောင့် ကမ္ဘာပေါ်တွင် အနည်းဆုံး လူ (၁၉၀) သေဆုံးခဲ့ပြီးဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) စာရင်းအရသိရသည်။
Comments