အဖေ ဖြတ်ပေးခဲ့သော အဆက်ဟောင်းနှစ်ဦး

မြန်မာတိုမ်းက ဆောင်းပါးလေးတစ်ပုဒ်ဖြစ်ပါတယ်။ Copy ထားတာပါ။ ...........................................

ကျွန်တော်ငယ်ငယ်က အဖေ ဆေးလိပ် သောက်သည်ကိုမြင်တိုင်း အဖေ့လက် ကြားမှဆေးလိပ်ကို အတင်း ဆွဲကာ လုယူလေ့ရှိသည်။ ထိုနည်းတူ ရံဖန်ရံခါ အဖေ အပေါင်းအသင်းကောင်းပြီးပြန် လာလျှင် လည်း ကျွန်တော်သည် အဖေ့ နားမကပ်ဘဲငြူစူချင်သောမျက်လုံးများ နှင့်ကြည့်လျက်ခပ်ခွာခွာနေခဲ့လေ့ရှိသည်။

အဘယ်ကြောင့် ဤသို့ ဖြစ်ရသနည်းဟု ပြန်စဉ်းစားမိတိုင်း မှတ်ဥာဏ်ထဲတွင် ၀ိုးတ၀ါး ဖြစ်နေတတ်ပါသည်။ သို့သော်လည်း အချက်နှစ်ချက်ကြောင့် အဖေ ဆေးလိပ်၊ အရက်သောက်သည်ကို မကြိုက်ခဲ့ခြင်းဖြစ်မည်ဟု သာမန်အားဖြင့် တွေးကြည့်လို့ရပါသည်။ ပထမတစ်ချက်မှာ အမေမကြိုက်၍ ကျွန်တော်သည်လည်း အမေ့ သံယောင်လိုက်၊ အမေ့ အတုခိုးကာ လိုက်မကြိုက်ခြင်းဖြစ်နိုင်ပြီး ဒုတိယတစ်ချက်မှာ ကိုယ့်အဖေကို ခြောက်ပြစ်ကင်း သဲလဲစင် တစ်ဦးအဖြစ် မြင်ချင်သည့်ဆန္ဒကြောင့် ဖြစ်နိုင်ပါသည်။ အဖေ့ကို ခြောက်ပြစ်ကင်းစေချင်သည် ဆိုရာမှာလည်း ဆေးလိပ်နှင့်အရက်တို့ ၏ကောင်းကျိုး ဆိုးကျိုးတွေကို နားလည်၍ ရယ်မဟုတ်ဘဲ အများက ဒါတွေဟာ မကောင်းဘူးဆို၍သာ သံယောင်လိုက်ပြီး မကောင်းရခြင်း မျိုး ပိုဖြစ်နိုင်ပါသည်။

အဖေသည် သူ့လက်ထဲမှ ဆေးလိပ်ကို အမေကလုယူလျှင် စိတ်ဆိုး မာန်ဆိုးဖြင့် တုံ့ပြန်လေ့ရှိသော်လည်း ကျွန်တော် လုလျှင်တော့ ဖြင့် သားလေးတစ် ယောက်တည်းရှိသည်မို့ အချစ်ပို၍ လားမသိ၊ သည်းညည်းခံလေ့ရှိ ပါသည်။ ထိုအခါ ကျွန်တော် ကလည်း ရောင့်တက်လာပြီး ထိုမကောင်းသည့် အရာများကို မှီဝဲနေသော အဖေ့ကို အထင်သေးချင်သော၊ နှာခေါင်း ရှုံ့ချင်သော အနေအထား မျိုးအထိ ပစ်ပစ် ခါခါ ဖြစ်ခဲ့မိသည်။

နေ့၊ လ၊ ရက်တို့ပြောင်းလဲလာသည်။ ကျွန်တော့တွင် အတောင်အလက်များ စုံလင်ခဲ့သည်။ ကျွန်တော် သိပ်မုန်းခဲ့ သော ဆေးလိပ်သည် ကျွန်တော့ကို ပမာမခန့်ပြု၍ ကျွန်တော့လက်ကြားထဲသို့ ရောက်ရှိလာခဲ့သည်။ အရာရာကို စူးစမ်း ချင်သည့်စိတ်၊ သူများလုပ်လျှင် လိုက်လုပ်ချင်သည့်စိတ်တို့နှင့်အတူ ကျွန်တော်သည် ဆေးလိပ်ကလေး များနှင့် အရူး အမူး ချစ်ကျွမ်းဝင်သွားပါတော့သည်။ စသောက်စဉ်ကမူ တစ်နေ့ တစ်လိပ်၊ နောက်တွင် နှစ်လိပ်၊ သုံးလိပ်၊ တဖြည်းဖြည်းနှင့် တစ်နေ့ တစ်ဘူး ကုန်သည်အထိ စံချိန် တက်လာသည်။ လက်ဖက်ရည် သောက်ပြီး သည့်အခါတိုင်း ဆေးလိပ်ကလေးမှ မသောက် ရလျှင် ခံတွင်းချဉ်ချင်သည့်နှယ်၊ ဆေးလိပ်တစ်လိပ်လောက်မှ လက်ကြားညှပ် မထားရလျှင် မနေတတ်သည့်နှယ် ဖြစ်လာသည်။

ဆေးလိပ်ကပေးသည့် နီကိုတင်းဓာတ်သည် ကျွန်တော်နှင့် မဟာမိတ်ပြု၍ ကျွန်တော့အသွေးအသားထဲတွင် ခြေကုပ်တစ်ခု ခိုင်ခိုင်မာမာ ရယူခဲ့ လေသည်။ ဆေးလိပ်ကို ချစ်ရရုံမျှဖြင့် မတင်းတိမ်သေးသော ကျွန်တော်သည် မူးယစ်ရီဝေ စေသော အရည်ကိုလည်းချဉ်းကပ်ခဲ့ သေးသည်။ ပျော်၍၊ စိတ်ညစ်၍၊ အပေါင်းအသင်း ၀င်ဆံ့လို၍ စသည့် စသည့် အကြောင်းများဖြင့် အပေါင်းအသင်းများနှင့် ဆုံတိုင်း ကျွန်တော့ခြေ လှမ်းများက ယမကာဆိုင်များ ဘက်ဆီ သို့ ဦးတည်တတ်လာခဲ့သည်။ ရန်ကုန်မြို့၏ ၁၉ လမ်းမှာ ကျက်စားရတာကို အရသာဟု ထင်လာခဲ့သည်။ မူးယစ်ခြင်း ကမှ လူ့စည်းစိမ်များထဲတွင် အကောင်း ဆုံးဟု ကျွေးကြော်တတ်လာခဲ့သည်။

ဘီယာသည် ချစ်ဦးသူဖြစ်သော်လည်း သူ့ကို ပျော့သည်ဟု စိတ်တွင် ထင်မှတ် လာသည့်အခါ အပြင်းစားများနှင့် ပြောင်းလဲ လက်တွဲခဲ့သည်။ တံဆိပ်စုံအောင် သောက်ဖူးမှ တန်းဝင်သည်ဟု ထင်လာပြန်သည်။ ကျွန်တော်၏ အိမ်ပြန် ချိန်များ ညဥ့်နက်သည်ထက် နက်လာ သည်။ ပယင်းရောင်သည် မီးခိုးငွေ့ ဖြူလွလွ ထက်ပို၍ ကျွန်တော့ ရင်ကို ထိမှန် ခဲ့သည်။ ကျွန်တော့ကို အရူးအမူး စွဲလမ်းစေခဲ့သည့် သဲမြ ညှာပင် ဖြစ်လေသည်။ဤသို့ဖြင့် ကျွန်တော်သည် ကိုယ်ကိုယ်တိုင် မသိဘဲ အမှောင်လွှမ်းသော လမ်းတစ်လမ်းအတိုင်း အပြေးနှင်နေ မိလေသည်။

ထိုလမ်းသည် အဘယ်မှာ ဆုံးမည်နည်း။ ကျွန်တော်မသိ၊ တွေးလည်း မတွေးမိ။ သတိပေးမည့် သူလည်းမရှိ။ ပြေးရင်း ပြေးရင်းဖြင့် ရှေ့မှလမ်းဆုံးကို မထင်မှတ်ဘဲ ဘွားခနဲ မြင်လိုက်ရတော့မှ ရုတ်တရက် ရပ်ဖို့ ကျွန်တော် ကြိုးစား သည်။ သို့သော် အရှိန်လွန်နေပါပြီ။ ဟန်ချက် မထိန်းနိုင်တော့ပြီ။ သူ့ ခံတွင်းသို့ သက်ဆင်းလာ သူတိုင်း ကို အပြီးတိုင် မျိုချနေသည့် နွံအိုင် သည် ကျွန်တော့ကို မျိုရန် ခံတွင်း ဖွင့်လျက် အသင့်စောင့်ကြိုနေချေပြီ။

ကျွန်တော်သည် နွံအိုင်၏အစပ်တွင် မဟန်နိုင်တော့ဘဲ ဟပ်ထိုးဟပ်ထိုး ဖြစ်နေပါသည်။ ဇောချွေးများကလည်း ပျံနေသည်။ ထိုစဉ် ကျွန်တော့ကို နွံအိုင် ထဲသို့ ပြုတ်ကျမသွားအောင် တစ်စုံ တစ်ယောက်က နောက်မှ အချိန် မီလှမ်း ဆွဲထိန်းထားခဲ့သည်။ ပျက်စီးခြင်းနွံအိုင်၏အစပ်တွင် ကျွန်တော်သည် မျက်စိကို စုံမှိတ်လျက်၊ လက်သီးကို ကျစ်ကျစ် ဆုပ်လျက် ကတုန်ကယင်ဖြင့် ခြေစုံရပ် နေမိလေသည်။

ကျွန်တော့ကို အောက်သို့ ပြုတ်မကျအောင် အဘယ်သူကများ လှမ်း ဆွဲလိုက်ပါသနည်းဟု နောက်သို့ လှည့်ကြည့် မိသောအခါ ...

အဖေ ..

ကျွန်တော့ကို အချိန်မီဆွဲထား သူမှာ ကျွန်တော့အဖေ ပါလား။ တစ်ချိန်က ဆေးလိပ်သောက်သဖြင့် ကျွန်တော် နှာခေါင်းရှုံ့ချင်ခဲ့ဖူးသော၊ အရက် သောက်သဖြင့် ကျွန်တော် အထင်သေးချင်ခဲ့ဖူးသော ကျွန်တော့ အဖေသည် ယခုမူ ကျွန်တော့အား နှာခေါင်းမရှုံ့ဘဲ၊ မငြူမစူ အပြစ်တစ်စုံ တစ်ရာ မဆိုဘဲ ၀င်ရောက်ကယ်တင်ခဲ့ လေပြီ။ သားအဖနှစ်ယောက်သည် မျက်လုံးချင်း စကားပြောနေမိသည်။ အဖေ့ကို ကျေးဇူးတင်သော အကြည့် များ ထိုစဉ်က ကျွန်တော့ မျက်လုံးထဲတွင် ဝေစည်နေခဲ့ပါလိမ့်မည်။

အဆက်ဟောင်းနှစ်ဦးနှင့် လမ်းခွဲခဲ့ သော်လည်း ကျွန်တော် သည် သူတို့နှင့် ခပ်လှမ်း လှမ်းမှ ခပ်တန်းတန်း ဆက်ဆံ ဆဲရှိနေပါသေး သည်။ လမ်းတွေ့လျှင် ပြုံးပြ၊ ရယ်ပြ၊ နှုတ်ဆက် မိဆဲ ရှိနေသေးသော် လည်း သူတို့နှင့် ကျွန် တော်သည် စည်းခြားခဲ့ပါပြီ။ သူတို့နှင့် ကျွန်တော့ကြားတွင် အဖေ တားပေး ထားသော စည်းကခြားထားလေပြီ။ ထိုစည်း၏ ကျေးဇူးဖြင့် ကျွန်တော်သည် လွတ်လပ်သူတစ်ဦး ဖြစ်ခဲ့ပြီ။ သို့သော် ပြတ်သွားပြီးသည့် ကြိုးသည် မည်သို့ပင် ပြန် ဆက်ဆက် အကောင်းပကတိ ပြန်မဖြစ်နိုင်တော့ဘဲ ဆက်ကြောင်း ကလေးတော့ ကျန်ရစ်ခဲ့သည် မဟုတ် ပါလား...။

Comments

Popular Posts